မှတ်မှတ်ရရ မနေ့က စားပွဲထိုးလောက်တောင် ဖုန်းကောင်းကောင်းမွန်မွန် မကိုင်နိုင်တဲ့ အိုင်တီလုပ်ငန်း ပိုင်ရှင် အစ်ကိုကြီးနဲ့ အတူ ဘီယာသောက်ခဲ့ရပါတယ်။ တစ်ချိန်က ပြည်တွင်း အိုင်တီလောကမှာ mmgamer ဝဘ်ဆိုက် နဲ့ လူသိများခဲ့တဲ့ အစ်ကိုကြီး၊ အခုတော့ ဝဘ်ဆိုက်တွေရေး၊ သင်တန်းတွေဖွင့်ရုံမကလို့ ပိုက်ဆံရမယ်ဆိုရင် ငွေတိုးပါ ချေးစားနေတဲ့ စီးပွားရေးသမားကြီးပေါ့။ နာမည်ကိုတော့ သူ့ဂုဏ်သိက္ခာကို ငဲ့ညှာသောအားဖြင့် မပြောတော့ပါ။ လူကိုပဲ တဂ်လုပ်ထားပါတယ်။
ဆိုင်မှာ စထိုင်ကတည်းက အရင်အစိုးရ လက်ထက်က ခရိုနီပရောဂျက်တွေနဲ့ ဘယ်လိုဘယ်ပုံ အဆင်ပြေခဲ့ကြောင်း၊ မေမေ့လက်ထက်မှာ စီးပွားရေးတွေ လုပ်မကောင်းတော့ကြောင်း၊ အကြွေးတွေ မည်သို့မည်ပုံ ဝိုင်းနေပြီဖြစ်ကြောင်း၊ မိန်းမစရိတ် ကလေးစရိတ်နဲ့ မည်မျှ ဒုက္ခရောက်ကြောင်း ညည်းပြပါတယ်။ သိပ်စိတ်မဝင်စားလှပေပေမဲ့ တစ်ခွက်သောက်ဖူး သူ့ကျေးဇူးဆိုတဲ့ စကားအတိုင်း ကျွန်တော်မှာလည်း သည်းခံပြီး နားထောင်ပေးရပါတယ်။
စားသောက်နေတုန်း ဖုန်းထုတ် selfie ရိုက်ဖို့ ပြင်ပြီးမှ မလုံမလဲနဲ့ “ငါ့ဖုန်းက စုတ်နေပြီ။ ကင်မရာ မကောင်းတော့ဘူးကွ။ နင့်ဖုန်းနဲ့ပဲ ရိုက်ရအောင်” ပြောတော့ စိတ်မကောင်း ဖြစ်မိရပါတယ်။ တစ်ချိန်တုန်းက ဖုန်းဂတ်ဂျက် အသစ်ထွက်သမျှ ဝယ်ကိုင်ခဲ့သူ သူဌေးသားတစ်ဦးက မိန်းမရပြီးမှ အခုလို အိုင်ဖုန်းဖိုက်စုတ်လေးကိုင်ထားတာ တွေ့တော့ သံဝေဂလည်း ရမိပါတယ်။
အပြန်လိုက်ပို့ရင်း အိမ်နား ရောက်ခါနီးတော့မှ မချိတင်ကဲ လေသံနဲ့ “ခုနက ဘီလ်လာပေးတဲ့ ဝိတ်တာကောင်လေးက အိုင်ဖုန်းဆဲဗင်းပလပ်ကြီး ကိုင်ထားတာနော်။ ငါတို့ အိမ်ထောင်သည် အိုင်တီသမားတွေ အဖြစ်ကလည်းကွာ စားပွဲထိုးနဲ့တောင် အပြိုင် အိုင်တီပစ္စည်းသစ်တွေ ဝယ်မသုံးနိုင်တဲ့ ဘဝ ရောက်နေပြီ။” လို့ဆိုတော့ ကျွန်တော့်ရင်ထဲ အတော်လေး စိတ်ထိခိုက် သနားမိသွားရပါတယ်။
ဒီရက်ပိုင်း ဒီလိုပိုစ့်တွေပဲ တင်နေတာ အက်ဖ်အေမို့ စပျစ်သီး ချဉ်နေတာ မဟုတ်ရရယ်ပါ။ လူငယ်တွေ ရေလိုက်မလွဲစေဖို့ စီနီယာ နောင်တော်ကြီးတွေ ဘဝနဲ့ရင်းပြီး ရထားတဲ့ သင်ခန်းစာတွေ ပြန်လည်မျှဝေပေးချင်ရုံ သက်သက်သာ ဖြစ်ကြောင်း …