Recent Posts
တည်ထောင်သူတွေက ကုမ္ပဏီကို ထိန်းချုပ်ထားခွင့်ရှိလား
ကျွန်တော်တို့ ငွေကြေးမတည်ပေးခဲ့တဲ့တစ်ယောက်က VCs (စွန့်ဦး ငွေကြေးရင်းနှီးမြှပ်နှံသူ) တွေနဲ့ ဆွေးနွေးနေပါတယ်။ သူက ကျွန်တော့်ကို မေးပါတယ်။ စွန့်ဦးလုပ်ငန်းတည်ထောင်သူတွေဟာ Series A-round ပြီးရင် ဘုတ်အဖွဲ့ကို ထိန်းချုပ်ထားတာဟာ ဖြစ်လေ့ဖြစ်ထရှိလားလို့ မေးတာပါ။ ဒါမျိုးဖြစ်တာ ဘယ်တော့မှ မရှိသလောက်ပဲလို့ VCs တွေက ပြောနေတယ်လို့ သူက ပြောပါတယ်။
ဒီလို မရှိဘူးဆိုတာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကဆိုရင်တော့ အမှန်ပါပဲ။ အရင်တုန်းကဆို Series A ပြီးရင် ဘုတ်အဖွဲ့ကို ထိန်းချုပ်ထားတယ်ဆိုတာ မရှိသလောက် ရှားပါတယ်။ ပုံမှန်ဘုတ်အဖွဲ့မှာဆိုရင် တည်ထောင်သူနှစ်ယောက်၊ VCs နှစ်ယောက်၊ လွပ်လပ်တဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးခင်ကတော့ တည်ထောင်သူ တစ်ယောက်၊ VC တစ်ယောက် နဲ့ လွပ်လပ်တဲ့ အဖွဲ့ဝင်တစ်ယောက်ဆိုပြီး ဖြစ်လာပါတယ်။ နှစ်ခုစလုံးမှာတော့ တည်ထောင်သူတွေဟာ သူတို့ရဲ့ဘုတ်အဖွဲ့မှာအများစု ပါဝင်နိုင်မှုကို ဆုံးရှုံးပါတယ်။
ဒါပေမယ့်လည်း ဒီလိုဆုံးရှုံးတယ်ဆိုတာ အမြဲတမ်းတော့ မဟုတ်ပါဘူး။ Series A အပြီးမှာကို မက်ဇူကာဘတ်က Facebook ဘုတ်အဖွဲ့ကို ထိန်းချုပ်ထားပါတယ်။ ဒီလိုထိန်းချုပ်တဲ့ တည်ထောင်သူတွေ ရှိတာက ဖြစ်လေ့ဖြစ်ထ ကိစ္စလား။ A round ပြီးရင် တည်ထောင်သူတွေက ထိန်းချုပ်တာဟာ ဖြစ်နေကျကိစ္စလား။ ကျွန်တော်တို့ ငွေကြေးမတည်ပေးခဲ့တဲ့ ကုမ္ပဏီတွေမှာ ဒီလိုကိစ္စမျိုးတွေဖြစ်တာ ကျွန်တော်ကြားဖူးပါတယ်။ ဒါပေမယ့် ဘယ်လောက်များတယ်ဆိုတာကိုတော့ ကျွန်တော် မသိပါဘူး။ ဒါကြောင့် ကျွန်တော်က Y-Combinator မှာရှိတဲ့ တည်ထောင်သူတွေရဲ့စာရင်းအတိုင်း အီးမေးလ်ပို့ပြီး မေးကြည့်ပါတယ်။
သူတို့ပြန်ပို့လာတဲ့စာရင်းကြောင့် ကျွန်တော်အံ့အားသင့်ရပါတယ်။ ကျွန်တော်တို့ မတည်တည်ထောင်ပေးခဲ့တဲ့ ကုမ္ပဏီတစ်ဒါဇင်လောက်မှာပဲ တည်ထောင်သူတွေဟာ A-round ပြီးရင် ဘုတ်အဖွဲ့နေရာအများစုကို ရယူထားပါတယ်။
ကျွန်တော်တို့က အများကြီးပြောင်းလည်းခါနီး အခြေအနေလေးတစ်ခုမှာ ရှိနေသလိုပါပဲ။ A-round ပြီးရင် ဘုတ်အဖွဲ့ကို တည်ထောင်သူတွေက ထိန်းချုပ်ထားတယ်ဆိုတာကို VC အများစုက မကြားဖူးတဲ့ ကိစ္စတစ်ခုလို လုပ်နေတုန်းပါပဲ။ သင်က မေးမယ်ဆိုရင်တောင် VC တွေက သင်ကပဲ မကောင်းတဲ့လူလို ဖြစ်သွားအောင် လုပ်နေကြပါတယ်။ သင်ကပဲ အတွေ့အကြုံမရှိတဲ့အူတူတူ လူလိုလို၊ သင်ကပဲ ကြီးစိုးချင်သူလိုလို ဖြစ်အောင် လုပ်ပါတယ်။ ဒါပေမယ့် ကျွန်တော်သိတဲ့ တည်ထောင်သူတွေကတော့ အတွေ့အကြုံမရှိတဲ့လူလည်း မဟုတ်သလို ကြီးစိုးချင်သူတွေလည်း မဟုတ်ပါဘူး။ သူတို့ဟာ ဒီလိုလူမျိုးတွေဆိုရင်လည်း မက်ဇူကာဘတ်လို အူတူတူ” ကြီးစိုးသူတွေသာ ဖြစ်ပါတယ်။ VC တွေ လိုက်ရှာနေတဲ့လူမျိုးတွေပါ။
တည်ထောင်သူတွေက A round ပြီးရင် ထိန်းချုပ်ထားတယ်ဆိုတာ ဖြစ်တတ်တဲ့ ကိစ္စပါ။ ငွေကြေးဆိုင်ရာ အကျဉ်းအကျပ်ကျတာမျိုးမရှိခဲ့ရင် ဒီလိုထိန်းချုပ်တာဟာ လာမယ့်နှစ်တွေမှာ စံတစ်ရပ်ဖြစ် လာလိမ့်မယ်လို့တောင် ကျွန်တော်တော့ ထင်ပါတယ်။
ကုမ္ပဏီကို ထိန်းချုပ်တယ်ဆိုတာ ဘုတ်အဖွဲ့အစည်းအဝေးမှာ တခြားလူတွေကို မဲပေးပြီး ထုတ်ပစ်တယ် ဆိုတာမျိုးသက်သက်မဟုတ်ပါဘူး။ ဒီ့ထက်ပိုရှုပ်ထွေးတဲ့ ကိစ္စတစ်ခုပါ။ ကုမ္ပဏီဘုတ်အဖွဲ့နေရာကို ဘယ်လောက်ပဲရထားထား ကုမ္ပဏီရောင်းရမယ့်ကိစ္စလိုမျိုးအရေးကြီးတဲ့ ဆုံးဖြတ်ချက်ကြီးတွေမှာ ရင်းနှီးမြှပ်နှံ သူတွေက ဗီတိုအာဏာ သုံးလေ့ရှိကြပါတယ်။ ဘုတ်အဖွဲ့မှာ မဲခွဲတယ်ဆိုတာကလည်း ရှားရှားပါးပါးပါ။ ကိစ္စတော်တော်များများက မဲမပေးခင်ကတည်းက ဆွေးနွေးဆုံးဖြတ်ပြီးသားပါ။ မဲပေးမှ လုပ်ကြတဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ ဒီလိုဆွေးနွေးတဲ့နေရာမှာ အမြင်ခြင်း မတူကြဘူးဆိုရင်လည်း မဲခွဲလို့ ရှုံးနိုင်တဲ့ဘက်က ပျော့ပြောင်းလေ့ရှိပါတယ်။ ဘုတ်အဖွဲ့နဲ့ ပတ်သက်လို့ ဒါက လက်တွေ့ကျတဲ့အခြေအနေပါ။ သင်လုပ်ချင်တဲ့ အရာတိုင်းကို လွယ်လွယ်လေး လုပ်လို့ရတာ မဟုတ်ပါဘူး။ ဘုတ်အဖွဲ့ဟာ ရှယ်ယာရှင်တွေရဲ့ အကျိုးစီးပွားအရ ပြုမူဆောင်ရွက်ရတာပါ။ ဒါပေမယ့် ဘုတ်အဖွဲ့မှာ နေရာအများစု ရထားမယ်ဆိုရင် ရှယ်ယာရှင်တွေရဲ့ အကျိုးစီးပွားနဲ့ပတ်သက်လို့ သင့်ရဲ့ သဘောထားအမြင်တွေက အခြားလူတွေဆီပါ ပြန့်နှံ့သွားလေ့ရှိပါတယ်။
ဒါကြောင့် ဘုတ်အဖွဲ့ကို ထိန်းချုပ်မယ်ဆိုတဲ့ ကိစ္စက လုံးဝထိန်းချုပ်လို့ရတဲ့ ကိစ္စမျိုး မဟုတ်သလို စိတ်ကူးယဉ် ကိစ္စမျိုးလည်း မဟုတ်ပါဘူး။ ကုမ္ပဏီတွေထဲမှာ ကွဲပြားမှုတွေကတော့ မလွှဲမရှောင်သာကို ရှိပါတယ်။ A round ပြီးလို့ ဘုတ်အဖွဲ့ကို တည်ထောင်သူတွေက ထိန်းထားတာဟာ စံတစ်ရပ်ဖြစ်လာမယ်ဆိုရင် စွန့်ဦးလုပ်ငန်း လောကကြီးတစ်ခုလုံးမှာလည်း အပြောင်းအလဲတွေ ဖြစ်လာပါမယ်။
စံအသစ်ကို ပြောင်းလဲကျင့်သုံးဖို့က အလွန်မြန်ဆန်ပါလိမ့်မယ်။ အကြောင်းအရင်းကတော့ တည်ထောင်သူတွေ ထိန်းချုပ်ထားတဲ့ စွန့်ဦးကုမ္ပဏီတွေဟာ အကောင်းဆုံးကုမ္ပဏီတွေ ဖြစ်လာလေ့ရှိပါတယ်။ ဒီကုမ္ပဏီတွေဟာ ပထမဦးဆုံးလမ်းကြောင်းချသူတွေ ဖြစ်လာလေ့ရှိပြီး အခြား စွန့်ဦးကုမ္ပဏီတွေနဲ့ VC တွေဟာ သူတို့ရဲ့ လမ်းကြောင်းကို လိုက်ရပါတယ်။
VC တွေ စွန့်ဦးလုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးတဲ့အခါ မာကြောရတဲ့အကြောင်းအရင်းတွေကတော့ သူတို့ကို အနိုင်ယူသွားသလိုရှိတဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီ ပြန်သွားရမှာ ရှက်တာကြောင့်ပါ။ စာချုပ်ချုပ်တဲ့အခါ စာချုပ်စည်းမျဉ်းတွေမှာ ဘယ်လိုအကျိုးအမြတ်ကောင်းတွေရထားတယ်ဆိုတာကို သူတို့ ကြွားချင်ပါတယ်။ အများစုကတော့ တည်ထောင်သူတွေဟာ ဘုတ်အဖွဲ့ကို ထိန်းချုပ်ထားလားဆိုတဲ့ကိစ္စမျိုးကို ဂရုမစိုက်ကြပါဘူး။ သူတို့ဟာ လိုက်လျောတတ်သူတွေဆိုတဲ့ ပုံစံမျိုး မပေါက်စေချင်တာပါ။ တည်ထောင်သူတွေကို ထိန်းချုပ်ခွင့် ပြုလိုက်တာကို လိုက်လျောမှုတစ်ခုလိုထင်သွားရင် နောက်ထပ်လိုက်လျောမှုတွေ ဖြစ်လာမှာမျိုးပါ။
VC တွေပေါ်ဖိအားဖြစ်စေတဲ့ အပြောင်းအလဲတွေလိုပါပဲ။ တည်ထောင်သူတွေက ထိန်းချုပ်ထားမယ့် အပြောင်းအလဲ ဆိုတာကလည်း ထင်သလောက် ပြဿနာကြီးတစ်ခု ဖြစ်လာမှာ မဟုတ်ပါဘူး။ VC တွေက စည်းရုံးလုပ်ဆောင်နိုင်ဦးမှာပါပဲ။ အတင်းအကြပ်ကြီး လုပ်လို့မရတော့ရုံပါပဲ။ သူတို့ အတင်းအကြပ်လုပ်လို့ရတဲ့ စွန့်ဦးလုပ်ငန်းတွေကလည်း အရေးကြီးတဲ့ ကုမ္ပဏီတွေမဟုတ်ပါဘူး။ VC အများစုဟာ အကြီးအကျယ်ပေါက်တဲ့ စွန်ဦးလုပ်ငန်းနည်းနည်းလေးကနေပဲ ပိုက်ဆံရတာပါ။ ဒီလုပ်ငန်းတွေဟာလည်း သူတို့အတင်းအကြပ်လုပ် လို့ရတဲ့ လုပ်ငန်းတွေ မဟုတ်ပါဘူး။
တည်ထောင်သူတွေက ဘုတ်အဖွဲ့ကို ချုပ်ကိုင်ထားမယ်လို့ သိရတာဟာ VC တွေ ရင်းနှီးမြှပ်နှံတဲ့အခါ ပိုကောင်းတဲ့ ရွေးချယ်မှုတွေ လုပ်နိုင်ဖို့တောင် အကူအညီ ဖြစ်ပါတယ်။ တည်ထောင်သူတွေကို ထုတ်လို့မရ ဘူးဆိုတာသိရင် သူတို့ယုံရတဲ့ တည်ထောင်သူကိုပဲ ရွေးရပါလိမ့်မယ်။ ပြီးတော့ တောက်လျှောက် သူတို့ရွေးချယ် နေရမှာကလည်း ဒီလူတွေပါပဲ။
Original Essay in English by Paul Graham here. http://www.paulgraham.com/control.html
မိန်းမဘေး ရှောင်ပြေးရာမှ အိမ်ခန်းတောင် မငှားနိုင်‌တော့သော စတတပ်သမားတစ်ဦး အကြောင်း
မိန်းမဘေး ရှောင်ပြေးရာမှ အိမ်ခန်းတောင် မငှားနိုင်‌တော့သော စတတပ်သမားတစ်ဦး အကြောင်း
မနေ့ညက ကားလက်မှတ်တွေ ရောင်းစားနေတဲ့ စတတပ် ကုမ္ပဏီ စီအီးအို အစ်ကိုကြီးက ညစာကျွေးမယ်ဆိုလို့ လိုက်သွားမိပါတယ်။ ခါတိုင်း ပီဇာ၊ ပက်စတာ စတဲ့ ကောင်းပေ့ဆိုတဲ့ ဆိုင်တွေမှ ဝင်စားတတ်တဲ့ လူကြီး ဒီတစ်ခါ စလပ်ဆိုင် ခေါ်သွားတော့ အခြေအနေ သိပ်မဟန်တော့ဘူး ဆိုတာ နည်းနည်းတော့ ရိပ်မိလိုက်ပါတယ်။ …
စားရင်းသောက်ရင်း ပြည်တွင်းအိုင်တီ ကုမ္ပဏီများ အပြိုင်အဆိုင်များကြောင်း၊ ဝန်ထမ်း ရှာရခက်ကြောင်း၊ အင်ဗက်စတာများ လက်ပေါက်ကပ်ကြောင်း၊ စင်ကာပူမှာဆို မည်သို့မည်ပုံ ဖြစ်ကြောင်း တတွတ်တွတ် ညည်းတော့ … ဒါဆိုလဲဗျာ ခင်ဗျား စင်ကာပူပဲ ပြန်ပြီး လုပ်ပါ‌လာပြောတော့ မိန်းမက စင်ကာပူမှာ ရှိနေတာမို့ လွတ်လွတ်လပ်လပ်နေချင်လို့ ပြည်တွင်းမှာ ကြုံရာဖြစ်ရာ စတတပ်လုပ်ပြီး အတင်း ကပ်နေနေတာ ဖြစ်ကြောင်း ဝန်ခံသွားရှာပါတယ်။
နောက်ဆုံး စားသောက်ပြီး ရှင်းပြန်ဖို့ လုပ်တော့ လျှာရှည်ပြီး အရင်တိုက်ခန်းမှာ နေတုန်းပဲလား မေးမိတော့ အခန်းငှားခ မတတ်နိုင်တော့လို့ မိဘအိမ် ပြန်ကပ်နေရပြီ ဖြစ်ကြောင်း သနားကမား ပြောရှာတော့ ကျွန်တော့ခမျာ သူကျွေးတာ မစားရက်ဘဲ ကိုယ့်ပိုက်ဆံ ကိုယ်ထုတ်ရှင်းခဲ့ရပါကြောင်း မှတ်တမ်းတင်လိုက်ရပါတယ်။
Thura Hlaing
Thura Hlaing’s contributions are un-authorised copies of his Facebook status on various topics which we would consider as “anti-startup”. For every one of our infractions we treat him a cheap meal to stop him from suing us and to keep him from writing anything bad about Startup95 on his wall.
မိန်းမဘေးရှာင်ပြေးရာမှ အိမ်ခန်းတောင် မငှားနိုင်‌တော့သော စတတပ်သမားတစ်ဦး အကြောင်း
Thura Hlaing
တည်ထောင်သူတွေမှာ ရှိရမယ့် အရည်အချင်း (၅)ရပ်
ကမ္ဘာကျော် Fobes မဂ္ဂဇင်းက ပေါ်ဂရေဟန်ကိုရင်းနှီးမြှုတ်နှံသူတစ်ယောက်အနေနဲ့ စွန်ဦးထူထောင်သူတွေမှာ ဘာတွေကိုရှာကြည့် သလဲဆိုတာကို ရေးဖို့တောင်းဆိုလို့ ရေးထားတဲ့ စာပါ။
၁- စိတ်ဓာတ်ကြံ့ခိုင်ခြင်း(Determination)
စွန့်ဦးလုပ်ငန်းတစ်ခုကို တည်ထောင်မယ့်သူတွေမှာ ရှိရမယ့် အရေးအကြီးဆုံး အရည်အသွေးပါ။ ညဏ်ရည် ထက်မြက်ဖို့ ကအရေးအကြီးဆုံးလို့ အရင်ကယူဆခဲ့ကြပါတယ်။ တည်ထောင်သူတွေက ခပ်တုံးတုံး ဖြစ်လို့မရတာတော့ သေချာပါတယ်။ ညဏ်အရည်အသွေးတော်ယုံတန်ယုံထက်ကျော်သွားပြီးရင် ပိုပြီးအရေးကြီးက စိတ်ဓာတ်မာကျောကြံ့ခိုင်ဖို့ပါ။ အခက်အခဲ အတားအဆီးတွေကိုအမြဲတွေ့ကြုံရမှာဖြစ်တာကြောင့် လွယ်လွယ်နဲ့ ပျော့ညံ့တဲ့လူမျိုး ဖြစ်သွား လို့မရ ပါဘူး။
အမေရိကန်နိုင်ငံက အွန်လိုင်းငွေပေးချေမှုစနစ် WePay ရဲ့ တည်ထောင်သူတွေဖြစ်တဲ့ ဘေလ်ကလယ်ရစ်ကို (Bill Clerico) နဲ့ ရစ်ခ်ျအဘာမန်း(Rich Aberman)တို့ကို ဥပမာပေးချင်ပါတယ်။ WePay ဟာ အောင်မြင်တဲ့ စွန့်ဦးကုမ္ပဏီကြီးတစ်ခု ဖြစ်နေပါပြီ။ သူတို့က ငွေကြေးနဲပတ်သက်တဲ့ စွန့်ဦးလုပ်ငန်းတစ်ခုကို လုပ်နေတာပါ။ ဒါကြောင့် ဗျူရိုကရေစီယန္တရားတွေနဲ့ဖွဲ့စည်းထားတဲ့ ကုမ္ပဏီကြီးပေါင်းမြောက်များ စွာကို ဆွေးနွေးမှုတွေ လုပ်ရပါတယ်။ စွန့်ဦးလုပ်ငန်းလေးတစ်ခုဟာ သူရပ်တည်နိုင်ရေးအတွက် ကုမ္ပဏီကြီးတွေနဲ့ ညှိုနှိုင်းနိုင်မှုအပေါ် မှီခိုနေရတယ်ဆိုရင် သိပ်တော့မလွယ်ပါဘူး။ ကိုယ့်ကိုယ် ကုမ္ပဏီကြီးတွေက ရှိတယ်လို့ကိုအသိအမှတ်မပြုချင်ကြပါဘူး။ ဒါပေမယ့် ဘေလ်ကလယ်ရစ်ကိုနဲ့ ဆွေးနွေးရပြီဆိုရင်တော့ သူပြောတဲ့အတိုင်းပဲ တစ်ဖက်လူက လက်ခံသွား ရပါတယ်။ သူက ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချထားပြီး လက်လျှော့စွန့်လွတ်သွားတယ်ဆိုတာမျိုး မရှိပါဘူး။
၂-ပြော့ပြောင်းနိုင်စွမ်း(Flexibility)
စွန့်ဦးတီထွင်လုပ်ငန်းလောကဟာ ကြိုတင်ခန့်မှန်းလို့မရပါဘူး။ သင့်ရည်မှန်းချက်တွေကို လုပ်ရင်း ကိုင်ရင်းနဲ့ ပြောင်းလဲမှုတွေ လုပ်သွားဖို့ လိုပါတယ်။ ဘောလုံးကို သယ်သွားတဲ့အခါ ရည်ရွယ်ချက် ကတော့ ဂိုးရဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခြေအနေအရ နောက်ပြန်ပေးတာမျိုး၊ ဘေးဘက်ကို ဖြန့်ပေးတာမျိုး လုပ်ရမှာ ဖြစ်ပါတယ်။
သင်စိတ်ကူးထားတာထက် ကောင်းတဲ့အိုင်ဒီယာမျိုး တွေ့တယ်ဆိုရင် ပြောင်းလဲဖို့ လိုပါတယ်။ အသေဆုပ်ကိုင်ထားတာမျိုး မလုပ်သင့်ပါဘူး။ အလျှော့အတင်းနဲ့ ပြော့ပြောင်းမှုရှိဖို့ လိုပါတယ်။ အပေးအယူလုပ်ဖို့လိုပါတယ်။
နမူနာကောင်းတစ်ခုကတော့ ဒန်နီရယ် ဂရော့စ်​(Daniel Gross)။ သူက Y-Combinator မှာလာပြီးလျောက်တုန်က သိပ်မကောင်းတဲ့ e-commerce အိုင်ဒိယာနဲ့လာတာပါ။ ကျွန်တော်တို့က သူတစ်ခြားဟာ လုပ်မယ်ဆိုရင်တော့ အရင်းအနှီးထုပ်ပေးမယ် ပြောတော့ ခဏစဉ်းစားပြီး OK လို့ပြောတယ်။ တစ်ကယ်လည်း သူ့အိုင်ဒီယာ ကိုပြောင်းတယ်။ အခုလုပ်နေတဲ့ ​Greplin မလုပ်ခင်အိုင်ဒီယာ နှစ်ခုလောက်ကိုပြောင်းပြီးမှ ဒီတစ်ခုကိုရွေးတာပါ။ နောက်ဆုံးသင်တန်းဆင်ပွဲ မတိုင်ခင်နှစ်ရက်အလိုမှဒီတစ်ခုကိုစလုပ်ဖြစ်တယ်။ ဒါပေမဲ့ လူတော်တော်စိတ်ဝင်စားကြတယ်။ ဘာလုပ်လုပ် သူကကြောင်ကျလေးကျတတ် တယ်လို့ပြောရမလိုပဲ။
၃ – စိတ်ကူးနိုင်စွမ်း (Imagination)
ညဏ်ရည်ထက်မြက်ဖို့က တကယ်အရေးကြီးပါတယ်။ ဒါ့အပြင် စိတ်ကူးနိုင်စွမ်းရှိဖို့ကပိုပြီး လိုပါသေးတယ်။ အရင်သိပြီးသားပြဿနာကို အမြန်ရှင်းနိုင်တာထက် တစ်ခါမှမတွေ့ဘူသေးတဲ့ စိတ်ကူးအထူအဆန်းလေးတွေရှိတာက တန်ဖိုးပိုရှိပါတယ်။စွန့်ဦးလောကမှာတော့ ပထမဆုံးပေါ်လာတဲ့ စိတ်ကူးအိုင်ဒီယာအများစုဟာ မကောင်းတတ်ကြပါဘူး။ ကောင်းတယ်ဆိုရင်လည်း အခြားတစ်ယောက် လုပ်ပြီးနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အခြေအနေနဲ့ သင့်လျော်တဲ့ရူးသွပ်မှုမျိုးနဲ့ စိတ်ကူးနိုင်စွမ်းလိုတာဖြစ်ပါတယ်။
ဒီအချက်နဲ့ပတ်သက်လို့ Airbnb အကြောင်း ပြောပြချင်ပါတယ်။ Airbnb ဟာ အိမ်ငှားရမ်းမှု ဝန်ဆောင်မှုပေးတဲ့ ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။ သူတို့က အိမ်တစ်လုံးမှ မပိုင်ပါဘူး။ တည်ထောင်ဖို့ ငွေကြေးထောက်ပံ သူတွေက Airbnb ရဲ့ စိတ်ကူးဟာ ကြောင်တောင်တောင်နိုင်တယ်လို့ ထင်ခဲ့ကြပါတယ်။ လူပေါင်းမြောက်များစွာဟာ အခြားလူပေါင်းမြောက်များစွာရဲ့ နေရာမှာ ခဏလောက် နေချင်လိမ့်မယ်လို့ မထင်ခဲ့ပါဘူးတဲ့။ သူတို့ကိုအရင်းအနှီးထုတ်ပေးတာကလည်း ထူထောင်သူတွေကိုသဘောကြလို့ဖြစ်ပါတယ်။ အရင်းအနှီးမရှိခင်က ငွေရှာတဲ့အနေနဲ့ အိုဘားမာနာမည်၊ မက်ကိန်းနာမည်နဲ့မုန့်ထုတ်ရောင်းနေတယ်လို့ကြား သွားလို့ငွေထုတ်ပေးလိုက်ကြတာပါ။ ခပ်ကြောင်ကြောင် အိုင်ဒီယာဖြစ်ပေမဲ့ အကောင်လေးဖြစ်နေသေးလို့ပေါ့။
၎ – ဆိုးပါ (Naughtiness)
အောင်မြင်တဲ့တည်ထောင်သူအများစုဟာ လူတော်တွေ ဖြစ်လေ့ရှိပါတယ်။ လုပ်ငန်းနဲ့ပတ်သက်ရင် လက်တွေ့ကျကျနဲ့ ထက်သန်စိတ်ရှိသူတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သူတို့ကိုလိမ္မာသူတွေလို့ပြောလို့မရပါဘူး။ လူ့ကြင့်ဝတ်သိက္ခာကိုတန်ဖိုးထားကြပေမဲ့ လူ့တွေဘောင်ကွတ်သတ်မှတ်ထားတာတွေကို မလိုက်နာကြပါဘူး။ အများတွေး သလိုတွေးတတ်သူ၊ အများလုပ်သလိုပဲ လုပ်တတ်တဲ့ ပုံစံခွက်ထဲက လူမျိုးတွေတော့ မဟုတ်ပါဘူး။ ဒါကြောင့် သူတို့ကိုဆိုးတယ်လို့ ပြောနိုင်ပေမဲ့ ယုပ်မာသူတွေလို့မခေါ်နိုင်ပါ။ သူတို့ဟာ လုပ်နေကျစည်းမျဉ်းတွေကို ချိုးဖျက်ရတာမျိုးကို နှစ်သက်သူတွေ ဖြစ်ပါတယ်။ ဆိုးတယ်ဆိုတဲ့အရေအခြင်းက စိတ်ကူးနိုင်စွမ်း နဲ့တောင်ထပ်နေသလိုပါပဲ။
ဆမ်အော်တ်မန် ကကျွန်တော်တို့ Y-Combinator ရဲ့အအောင်မြင်ဆုံး ကျောင်းသားဟောင်းပါ။ သူလိုလူမျိုးတွေ ဘယ်လိုရှာရင်ကောင်းမလဲလိုသူ့ကို မေးကြည့်တော သူက စနစ်တစ်ခုကိုဘယ်လို “ဘတ်”ခဲ့ဘူသလဲလို့မေးကြည့်ပေါ့လိုပြောပါတယ်။ “ဘတ်တယ်” ဆိုတာက စနစ်ရဲ့အားနည်းအားသာချက်တွေကို သေချာလေ့လာပြီး ကိုယ့်အတွက်သူများမသုံးဘူတဲ့နည်းနဲ့အသုံးချတာကိုဆိုလိုတာပါ။ အခုလည်းဒီမေးခွန်အတွက်ဖြေထားတာကို ကျွန်တော်တို့အထူ ကရုတစိုက်ကြည့်ကြပါတယ်။
၅ – ခင်မင်မှု
တည်ထောင်သူတစ်ယောက်တည်းနဲ့ စွန့်ဦးလုပ်ငန်းလုပ်တယ်ဆိုတာ လက်တွေ့ကျကျပြောရရင်တော့ ခက်ခဲပါတယ်။ အောင်မြင်တဲ့ ကုမ္ပဏီတွေဟာ နှစ်ယောက်၊ သုံးယောက်နဲ့ စကြတာပါ။ တည်ထောင်သူတွေကြားက ခင်မင်မှုကလည်း ခိုင်မာမှဖြစ်မှာပါ။ တစ်ယောက်နဲ့တစ်ယောက် ဟန်ဆောင်စရာမလိုတဲ့ ခင်မင်မှုရှိပြီး အလုပ်အတူတူလုပ်လို့ရမှပါ။ အလုပ်ကအမြဲပဲသွေးခွဲပေးနေသလိုပါပဲ တစ်ကယ်ကို ခွဲလိုမရတဲ့သူတွေပါအတွဲညီညီးကျန်နိုင်တာပါ။
အောင်မြင်တဲ့ စွန့်ဦးလုပ်ငန်း တစ်ခုဖြစ်တဲ့ Justin.tv က တည်ထောင်သူတွေဆိုရင် နှစ်တန်းကတည်းက ငယ်သူငယ်ချင်းတွေမှို့လို့ နှစ်ကိုယ့်တစ်စိတ်လိုပဲ ပါးစပ်ဟစရာမလိုပဲ တစ်ယောက်ကဘာဆိုလိုတယ်ဆိုတာ တစ်ယောက်ကသိနေပါတယ်။ ဒါတောင်မှ သူတိုနှစ်ယောက်တစ်ခြားတည်ထောင်သူတွေလိုပဲ ငြင်းကြခုန်ကြရပေမဲ့ သူတိုနှစ်ယောက်အခြင်းခြင်း စိတ်ထဲမှာမရှင်းမလင်း ရှိတယ်ဆိုတာမတွေ့ဘူပါဘူး။
Original essay here.
စားပွဲထိုးလောက်တောင် ဖုန်းကောင်းကောင်းမွန်မွန် မကိုင်နိုင်တဲ့ အိုင်တီလုပ်ငန်း ပိုင်ရှင် အစ်ကိုကြီး
မှတ်မှတ်ရရ မနေ့က စားပွဲထိုးလောက်တောင် ဖုန်းကောင်းကောင်းမွန်မွန် မကိုင်နိုင်တဲ့ အိုင်တီလုပ်ငန်း ပိုင်ရှင် အစ်ကိုကြီးနဲ့ အတူ ဘီယာသောက်ခဲ့ရပါတယ်။ တစ်ချိန်က ပြည်တွင်း အိုင်တီလောကမှာ mmgamer ဝဘ်ဆိုက် နဲ့ လူသိများခဲ့တဲ့ အစ်ကိုကြီး၊ အခုတော့ ဝဘ်ဆိုက်တွေရေး၊ သင်တန်းတွေဖွင့်ရုံမကလို့ ပိုက်ဆံရမယ်ဆိုရင် ငွေတိုးပါ ချေးစားနေတဲ့ စီးပွား‌ရေးသမားကြီးပေါ့။ နာမည်ကိုတော့ သူ့ဂုဏ်သိက္ခာကို ငဲ့ညှာသောအားဖြင့် မပြောတော့ပါ။ လူကိုပဲ တဂ်လုပ်ထားပါတယ်။
ဆိုင်မှာ စထိုင်ကတည်းက အရင်အစိုးရ လက်ထက်က ခရိုနီပရောဂျက်တွေနဲ့ ဘယ်လိုဘယ်ပုံ အဆင်ပြေခဲ့ကြောင်း၊ မေမေ့လက်ထက်မှာ စီးပွားရေးတွေ လုပ်မကောင်းတော့ကြောင်း၊ အကြွေးတွေ မည်သို့မည်ပုံ ဝိုင်းနေပြီဖြစ်ကြောင်း၊ မိန်းမစရိတ် ကလေးစရိတ်နဲ့ မည်မျှ ဒုက္ခရောက်ကြောင်း ညည်းပြပါတယ်။ သိပ်စိတ်မဝင်စားလှပေပေမဲ့ တစ်ခွက်သောက်ဖူး သူ့ကျေးဇူးဆိုတဲ့ စကားအတိုင်း ကျွန်တော်မှာလည်း သည်းခံပြီး နားထောင်ပေးရပါတယ်။
စားသောက်နေတုန်း ဖုန်းထုတ် selfie ရိုက်ဖို့ ပြင်ပြီးမှ မလုံမလဲနဲ့ “ငါ့ဖုန်းက စုတ်နေပြီ။ ကင်မရာ မကောင်းတော့ဘူးကွ။ နင့်ဖုန်းနဲ့ပဲ ရိုက်ရအောင်” ပြောတော့ စိတ်မကောင်း ဖြစ်မိရပါတယ်။ တစ်ချိန်တုန်းက ဖုန်းဂတ်ဂျက် အသစ်ထွက်သမျှ ဝယ်ကိုင်ခဲ့သူ သူဌေးသားတစ်ဦးက မိန်းမရပြီးမှ အခုလို အိုင်ဖုန်းဖိုက်စုတ်လေးကိုင်ထားတာ တွေ့တော့ သံဝေဂလည်း ရမိပါတယ်။
အပြန်လိုက်ပို့ရင်း အိမ်နား ရောက်ခါနီးတော့မှ မချိတင်ကဲ လေသံနဲ့ “ခုနက ဘီလ်လာပေးတဲ့ ဝိတ်တာကောင်လေးက အိုင်ဖုန်းဆဲဗင်းပလပ်ကြီး ကိုင်ထားတာနော်။ ငါတို့ အိမ်ထောင်သည် အိုင်တီသမားတွေ အဖြစ်ကလည်းကွာ စားပွဲထိုးနဲ့တောင် အပြိုင် အိုင်တီပစ္စည်းသစ်တွေ ဝယ်မသုံးနိုင်တဲ့ ဘဝ ရောက်နေပြီ။” လို့ဆိုတော့ ကျွန်‌တော့်ရင်ထဲ ‌အတော်လေး စိတ်ထိခိုက် သနားမိသွားရပါတယ်။
ဒီရက်ပိုင်း ဒီလိုပိုစ့်တွေပဲ တင်နေတာ အက်ဖ်အေမို့ စပျစ်သီး ချဉ်နေတာ မဟုတ်ရရယ်ပါ။ လူငယ်တွေ ရေလိုက်မလွဲစေဖို့ စီနီယာ နောင်တော်ကြီးတွေ ဘဝနဲ့ရင်းပြီး ရထားတဲ့ သင်ခန်းစာတွေ ပြန်လည်မျှဝေပေးချင်ရုံ သက်သက်သာ ဖြစ်ကြောင်း …
Thura Hlaing